တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်

 စေတီတော်များမှာ တည်ထားလေ့ရှိသော

တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်

~~~~~~~~~~~~~~~~~~~~~~~~~



ရှယ်ပြီး ဖတ်ကြည့်ပါနော်…


မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှု သုခုမအလင်းတွေ

ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။


ဒါပေမဲ့ ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။ 


ဒီနေရာမှာ 

တံခွန်တိုင် ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်…


တံခွန်တိုင် လို့ ခေါ်ရခြင်းက…

ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။

အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ တံခွန်တွေကို လွှင့်ထူထားကြလို့ တံခွန်တိုင်လို့ ခေါ်ပါတယ်။  


တံခွန်ဆိုတာ…

ရှေးအခါက ယာဉ်ရထားတွေ အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင်

တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ အလံကို တံခွန်လို့ ခေါ်ခြင်းပါ။ 


တံခွန်လုံး 

တံခွန်ပြား 

တံခွန်ကုက္ကား စသဖြင့် များစွာရှိကြပေမဲ့

တံခွန်တိုင်မှာ တပ်ဆင်လေ့ရှိတဲ့ တံခွန်တွေကတော့ လုံးဝန်းပြီး ရှည်မြောမြောသဏ္ဌာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်တွေ ဖြစ်ပါတယ်။


ဝါးကို အခွေလိုက်ပြုကာ အပေါ်ကနေ စက္ကူကပ်ပြီး စက္ကူပေါ်မှာ ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ် ဓမ္မတွေကို ရေးသားထားကြပါတယ်။ 


ဒါပေမဲ့ 

ယခုအခါမှာတော့ တံခွန်တိုင်တွေမှာ ချိတ်ဆွဲတင်ရမယ့် ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ် ဓမ္မတွေ မတွေ့ရသလောက် ရှားပါးနေပြီလို့ သုတေသီတို့က ဆိုကြပါတယ်။ 


ရှေးက တံခွန်တိုင်ကို သစ်တွေ ဝါးတွေနဲ့ ပြုလုပ်ခဲ့ကြပေမယ့် တံခွန်ကို နှောင်းခတ်မှာတော့…အုဋ္ဌ် အင်္ဂတေတွေနဲ့သာ ပြုလုပ်ကြပါတော့တယ်။ 


တံခွန်တိုင်ဆိုတာ…တိုင်မြင့်မြင့်ထူကာ အဝေးကနေ မြင်နိုင်အောင် တံခွန်လုံး တံခွန်ပြားတွေ ချိတ်ဆွဲထားကြပြီး


ဒီနေရာမှာ ဘုရား ပုထိုး စေတီ ရှိတယ်။

လာရောက် ဖူးမြှော်ပူဇော်ကြပါ ဆိုတဲ့ ရည်ရွယ်ချက်အဓိပ္ပါယ်နဲ့ စိုက်ထူထားတဲ့အရာလို့ ဆိုကြပါတယ်။  


တံခွန်တိုင်ထိပ်မှာ ထုလုပ်ထားတဲ့ ဟင်္သာရုပ်ပုံကို ရှုကြည့်ရင်တော့…

သေခြင်းတရားဟာ လျင်မြန်လွန်းလှပါတယ်။

မသေရာဆီ သွားဖို့ 

မမေ့မလျော့ မပေါ့မဆပဲ ဒါန သီလ ဘာဝနာများ ကြိုးစား အားထုတ်ကြဖို့ရန် ဒီနေရာဆီ လာကြပါ။ 


ဒီနေရာမှာ မသေရာဆီ ပို့ပေးမယ့်

ဘုရား စေတီတော် တရားတော်တွေ ရှိပါတယ် ဟု ဖိတ်ခေါ်ချင်လို့ တံခွန်တိုင်ကို ထူထားကြတယ်လို့ ဆိုနိုင်ပါတယ်။ 


ဘာကို ထောက်ဆပြီး သိရလဲဆိုရင်

ဇဝနဟံသဇာတ်တော်ကို ထောက်ဆပြီး သိရပါတယ်။ 


တံခွန်တိုင်နဲ့ ဟင်္သာ

****************

မြတ်စွာဘုရားရှင်ဟာ အလောင်းတော် ဘဝက ဇဝနမည်တဲ့

ဟင်္သာမင်း ဖြစ်ခဲ့ဘူးပါတယ်။

ဟင်္သာပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။


သူ့မှာ ညီငယ် ဟင်္သာနှစ်ကောင်လည်း ရှိပြီး စိတ္တကုဋ်တောင်မှာ နေထိုင်ကြပါတယ်။ 


တစ်နေ့မှာ ညီငယ်များက နေနဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို ဟင်္သာမင်းဆီမှာ ခွင့်တောင်းပါတယ်။


ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ပါဘူး။ 


ညီငယ် (၂)ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ပဲ နေနဲ့ပြိုင်ဖို့အတွက်

နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင်ထိပ်ကနေ သွားစောင့်နေပါတယ်။


နေထွက်တာနဲ့ နေနဲ့အပြိုင် ပျံသန်းကြပါတယ်။


လမ်းခရီးမှာ နေရဲ့အရှိန်ကြောင့် အငယ်ဆုံးကောင်ရဲ့ အတောင်မှာ ပူလွန်းပြီး မီးလောင်ပါတော့မယ်။


ဒီအကြောင်းကို ဟင်္သာမင်း ကြားသိရတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ

ညီငယ်ကို ကယ်ပြီး စိတ္တကုဋ်တောင်ကို ပို့ပေးခဲ့ပါတယ်။


မွန်းတည့်အချိန်ရောက်တဲ့အခါ 

အကြီးကောင်လည်း ဆက်လက်ပြီး မပျံနိုင်တော့တဲ့အတွက် စိတ္တကုဋ်တောင်ကို ပို့ပေးခဲ့ရပြန်တယ်။ 


ဟင်္သာမင်းက သူလဲ နေနဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကို စမ်းသပ်ခဲ့ပါတယ်။


အကျိုးမရှိကြောင်း မြင်ရတဲ့အခါ

အဲဒီလိုပျံသန်းခြင်းကို ရပ်နားပြီး ဗာရာဏသီမြို့ကို ပျံလာခဲ့ပါတယ်။ 


ဟင်္သာမင်းရဲ့အရိပ်ဟာ ဗာရာဏသီမြို့ တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။

ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို ဗာရာဏသီမင်းက သူ့နန်းတော်ထဲ ရောက်လာတဲ့ ဟင်္သာမင်းကို မေးတဲ့အခါ

သူဟာ နေနဲ့အတူ ပျံသန်းနိုင်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ 


မင်းကြီးက…

ဟင်္သာမင်းရဲ့ အဲဒီအဟုန်ကို မြင်ချင်တယ်လို့ ပြောတဲ့အခါ

ဘုရားအလောင်းဟင်္သာမင်းက

နေနဲ့အဟုန်မပြိုင်ပဲ အဟုန်တူတဲ့ လေးသည်တော် လေးယောက်ကို ခေါ်ပြီး

ကျောခြင်းကပ် ရပ်စေကာ

အရပ်လေးမျက်နှာကို မြှား တစ်စင်းစီ ပစ်လွှတ်စေခဲ့ပါတယ်။ 


ချူလုံး ဆွဲထားတဲ့ ဟင်္သာမင်းက လျင်မြန်တဲ့အဟုန်နဲ့ မြှားလေးစင်းကို ဖမ်းယူကာ

လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ တိုင်ထိပ်မှာ ရပ်နား နေလိုက်ပါတယ်။


လျင်မြန်လွန်းတဲ့အတွက် ဟင်္သာမင်းကို မမြင်ရပဲ ချူသံသာ ကြားလိုက်ရပါတယ်။ 


မင်းကြီးက…

ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလား လို့ မေးတဲ့အခါ-?


ဘုရားအလောင်းတော်က…

ဒီအဟုန်ထက် 

အဆတစ်ရာ,အဆတစ်ထောင်,အဆတစ်သိန်း မက မြန်တဲ့ အရာရှိပါတယ်။


အဲဒါကတော့…သေခြင်းတရားပါပဲလို့ ပြောလိုက်တဲ့အခါ မင်းကြီးဟာ ထိတ်လန့် တုန်လှုပ်သွားပါတယ်။

 

ဟင်္သာမင်းက မင်းကြီးကို တရားဟောပြီး သက်သာရာ ရစေခဲ့ပါတယ်။


အထက်ပါ ဇဝနဟံသဇာတ်တော်ကို ကြည့်ရှုပြီး ဆိုလိုချက် သဘောအဓိပ္ပါယ် ပေါ်လွင်လောက်ပြီလို့ ယုံကြည်ပါတယ်။


ဟင်္သာမင်းရဲ့ ဖြစ်တော်စဉ်

ပါရမီ စရိယဇာတ်တော်များစွာကနေ နှောင်းလူတွေ-

အသိရအောင် 

သဒ္ဓါပေါက်အောင် 

ဖူးမြှော်တတ်အောင် 

အမှတ်တရရှိအောင် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ 


သိကြားရုပ်နဲ့ နတ်မင်းကြီးလေးပါး

*************************

မြင်တွေ့နေရတဲ့ တံခွန်တိုင်တွေကို လေ့လာကြည့်ရင် 

မြင့်မားဖြောင့်တန်းရှည်လျားတဲ့ အုဋ္ဌ်တိုင်နဲ့ 

အဲဒီ အုဋ္ဌ်တိုင်ရဲ့ခြေရင်းမှာ ပလ္လင်ခုံ ရှိပါတယ်။


 အဲဒီပလ္လင်ခုံပေါ်မှာ ဗဟိုတိုင်ကို ပတ်ရံပြီး

နတ်ရုပ် သိကြားရုပ် ,ဗြဟ္မာရုပ်တွေ ခြယ်လှယ် ဆင်သလေ့

ရှိကြပါတယ်။ 


တိုင်ရဲ့ထိပ်မှာတော့ ဟင်္သာ သာ မက 

ကရဝိက် 

ဂဠုန် 

ပြာသာဒ် စေတီ စသည်ကို တင်လေ့ရှိကြပါတယ်။


ရှေးကတော့…တံခွန်တိုင်ဆိုရင်

အခြေမှာ သိကြားရုပ်ပါမှ အင်္ဂါစုံတယ်လို့ မှတ်ယူကြပြီး

သိကြားရုပ်ကို မပါမဖြစ်

လေးနက်တဲ့ အဓိပ္ပါယ်တွေနဲ့ ထည့်ပေးကြခြင်းပါ။ 


ထုလုပ်လေ့ရှိကြတဲ့ သိကြားရုပ်ရဲ့ ဟန်တွေကလည်း 


၁။သိကြားမင်း ခရုသင်းကိုင်နေဟန် 

၂။ရှိခိုးနေဟန် 

၃။သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်

၄။စောင်းပိုက်နေဟန်-ဆိုပြီး

လေးမျိုးလေးစားနဲ့ ဟန်အသီးသီးမှာ အထိမ်းအမှတ်တွေ

အသီးအသီး ရှိကြပါတယ်။ 


၁။သိကြားမင်း ခရုသင်းကိုင်နေဟန် 

***************************

မြတ်စွာဘုရား ပွင့်တော်မူစဉ်က

သိကြားမင်းဟာ ခရုသင်းမှုတ်ပြီး ပူဇော်ခဲ့တာကို

လူတွေ အမှတ်ရကြစေဖို့

သိကြားမင်း ခရုသင်းကိုင်နေဟန်ကို ထုလုပ်ပေးကြခြင်းပါ။


၂။သိကြားမင်းရှိခိုးနေဟန် 

********************

နောက်တစ်ခါ သိကြားမင်း ရှိခိုးနေဟန်ကို

မင်္ဂလာတရား ဟောကြားပေးဖို့ရန်

သိကြားမင်း ရှိခိုးပြီး တောင်းပန်နေတာကို ရည်ရွယ်ပြီး

ထုလုပ်ပေးကြခြင်းပါ။ 


၃။သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်

********************************

နောက်တစ်မျိုး ဖြစ်တဲ့ သံတုတ်(ဝရဇိန်)လက်နက်

ကိုင်နေဟန်ကိုတော့…

ဘုရားရှင်ကို အမေးပုစ္ဆာတွေ လာမေးတဲ့ အမ္ဗဋ္ဌလုလင်

ဟာ 

ဘုရားရှင်က မေးနေတာကို အဖြေမပေးပဲ ပေတေနေတာ

ကို

ဝရဇိန်လက်နက်ပိုင်ရှင် သိကြားမင်း သိလို့

ပူပြင်းတောက်လောင်နေတဲ့ သံတူ(သံတုတ်)ကို ကိုင်ပြီး

တကယ်သတ်တော့မယ့်ဟန်

ကြိမ်းဝါးခဲ့တာကို ရည်မျှော်ပြီး ထုလုပ်ပေးကြခြင်းပါ။ 


၄။စောင်းပိုက်နေဟန်

*****************

နောက်ဆုံးတစ်မျိုးဖြစ်တဲ့ စောင်းပိုက်နေဟန်ကိုတော့ 

ပဉ္စသိင်္ခနတ်သားက

မြတ်စွာဘုရားကို သိကြားမင်းကိုယ်စား ဂါထာတွေနဲ့ 

စောင်းညှင်းဆောင်ကာ

လျှောက်ထားခဲ့တာကို ရည်မှတ်ပြီး ထုလုပ်ပေးကြခြင်းပါ။ 


 ဒီအကြောင်းအရာတွေကို မုံတိုင်ပင်ဆရာတော်ရဲ့

သုံးပုံတံချူကျမ်းမှာ လင်္ကာတွေနဲ့ မှတ်တမ်းပြထားပါတယ်။ 


အချို့ တံခွန်တိုင် အခြေတွေမှာတော့ 

သိကြားရုပ်တွေ အစား -

စတုလောကပါလ နတ်မင်းကြီးလေးပါးတို့ရဲ့ ပုံတွေကို

ထုလုပ်ထားကြပါတယ်။ 


ဒါကလည်း အရမ်းကာရောတော့ မဟုတ်ကြပါဘူး။ 


ဥပုသ်နေ့တွေမှာ…

ရတနာသုံးပါးကို ဆည်းကပ်သူ။

မဆည်းကပ်သူ။

သီလစောင့်သူ။

မစောင့်သူ။

မိဘလုပ်ကျွေးသူ။

မကျွေးသူ စတဲ့လူတွေကို 

အဲဒီနတ်မင်းကြီးတွေနဲ့ နတ်မင်းကြီးတွေရဲ့ အစေအပါး

နတ်တွေက စာရင်းကောက်ယူပြီး

ပဉ္စသိင်္ခနတ်သားက တစ်ဆင့် -မာတလိ။

မာတလိက တစ်ဆင့် သိကြားမင်းဆီ အပ်ကြပါတယ်။


 ဒီအကြောင်းကို လူတွေ သတိရကြကာ…

ရတနာသုံးပါး ဆည်းကပ်ကြဖို့ 

သီလစောင့်ထိန်းကြဖို့ 

မိဘလုပ်ကျွေးကြဖို့ 

လူတွေကို သတိပေးတဲ့ဟန်နဲ့ ထုလုပ်ပေးကြခြင်းပါ။ 


အချို့က 

သိကြားမင်းရဲ့ 

ရှိခိုးနေဟန်…

ခရုသင်းကိုင်နေဟန်…

စောင်းကိုင်နေဟန်…

သံတူကိုင်နေဟန်…

ရုပ်တုလေးခုကို ကြည့်ပြီး

နတ်မင်းကြီးလေးပါးနဲ့ မှားတတ်ကြပါတယ်။ 

                            

မှီခိုရာကျမ်းကိုး-


(၁။ပိဋကတော်များ

၂။ပခုက္ကူစာပေဆု သုတေသနစာပေဆုရ 

မောင်ယဉ်လှိုင်း၏ ဆောင်းပါး 

၂။အရှင်ခေမိန္ဒ(တိပိဋက နိကာယ)၏ 

တံခွန်တိုင်ရဲ့အဓိပ္ပါယ် )

Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး