ကန်တော့ပွဲ (သာသနာပွဲ) ထိုးခြင်း

 ကန်တော့ပွဲ (သာသနာပွဲ) ထိုးခြင်း



ဤဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့လေပြီးသော ဘုရားလေးဆူနှင့်တကွ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားရှင်တို့အား ဦးထိပ်ထားပြီး သာသနာတော်စောင့်နတ်မင်းကြီးများ ၊ ရသေ့ရှစ်သောင်းနှင့် ဝိဇ္ဇာဇော်ဂျီ တပသီအပေါင်း ၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များအပါအဝင် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်အပေါင်းတို့အား တိုင်တည်ပြီး သာသနာအနှစ်ငါးထောင် အရှည်တည်တံ့စေရန် ဝန်းရံစောင့်ရှောက်ကြသူ အ‌ပေါင်းတို့၏ ဂုဏ်ကျေးဇူးကို မြင်ယောင်၍ ကန်တော့ပွဲ (သာသနာပွဲ) ကို လှူဒါန်းကြခြင်းဖြစ်ပါတယ် ။ 


သာသနာပွဲကပ်လှူမယ်ဆိုရင် - 

၁ ။ အုန်းသီးလှလှ အစိမ်းရောင် တစ်လုံး (အနာအဆာကင်း ကြွက်မြှီးအပါ) 

၂ ။ ငှက်ပျောသီး အစိမ်း ၃ ဖီး သို့မဟုတ် ၅ ဖီး (ဖီးကြမ်း / သီးမွှေး ဘာဖြစ်ဖြစ်ရပါတယ်) 

၃ ။ ဖယောင်းတိုင် နှစ်ထုပ် 

၄ ။ အမွှေးတိုင် နှစ်ထုပ် 

၅ ။ လက်ဖက် ၃ ထုပ် 

၆ ။ ကွမ်းသုံးယာ 

၇ ။ နံ့သာရည်အထုပ် တစ်ထုပ် 

၈ ။ တံခွန်ကုက္ကား တစ်စုံ 

၉ ။ ရွှေပန်းငွေပန်း အနည်းငယ် လိုအပ်ပါတယ် ။ 


မိမိအသုံးပြုမယ့် ပွဲတင်ဇလုံရဲ့ အကျယ်အဝန်းအနေအထားပေါ်မူတည်ပြီး ငှက်ပျော ၃ ဖီး သို့မဟုတ် ၅ ဖီးကို ဇလုံပတ်လည်မှာ ဝန်းရံပါ ။ အလည်မှာ အုန်းသီးကိုတင်ရပါမယ် ။ အရေးကြီးတာက အုန်းသီးရဲ့ ကြွက်မြှီးအညှာတံကို ဘုရားဖက်ကို လှည့်ထားရပါမယ် ။ အုန်းပွဲငှက်ပျောပွဲပေါ်မှာ ဖယောင်းတိုင်ထုပ် ၊ အမွှေးတိုင်ထုပ်များ တင်လှူပြီး ၊ သာသနာစောင့်နတ်မင်းကြီးများနဲ့ ထွက်ရပ်ပေါက် ဝိဇ္ဇာများအတွက် လက်ဖက် ၊ ကွမ်းယာများကိုလည်း ပွဲအတွင်း ထည့်သွင်းပြင်ဆင်ရပါမယ် ။ အဲ့ဒီနောက်မှာတော့ တံခွန်ကုက္ကားအစုံကို ပွဲထိုးပြီး နံ့သာရည်များကို ပွဲအနှံ့ပက်ဖျန်းပေးရပါမယ် ။ ပွဲပြင်ပြီးသွားပြီဆိုရင် ရွေပန်းငွေပန်းများကို တင်လှူပေးလိုက်ပါ ။  


အဲ့ဒီနောက်မှာတော့ မြတ်စွာဘုရားကိုး ရိုသေစွာ ရှိခိုးဦးချပြီး အောက်ပါအတိုင်း ရွတ်ဆိုပေးပါ ။ 


( နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ) ၃ ကြိမ် 

အနန္တောအနန္တငါးပါးနှင့်တကွ ရဟန္တာအရှင်မြတ်များ ၊ သာသနာစောင့် နတ်မင်းကြီးများ ၊ သမ္မာဒေဝ နတ်ဗြဟ္မာအပေါင်း ၊ ဝိဇ္ဇာဇော်ဂျီ တပသီများနဲ့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးများ ၊ ရသေ့ရှစ်သောင်း ဆရာအပေါင်းနှင့် လောကီ လောကုတ္တရာ ကောင်းကျိုးပြုကြကုန်သော သူတော်စင် သူတော်ကောင်းအပေါင်းတို့အား တိုင်တည်ရည်မှန်း၍ ဗုဒ္ဓသာသနံ စိရံ တိဌတု ဟူသည့်အတိုင်း ဤသာသနာတော် အနှစ် ၅၀၀၀ တည်တံ့ပြန့်ပွားစေရန် ရည်ရွယ်ပြီး သာသာနာပွဲကို ကပ်လှူပူဇော်ပါ၏ အရှင်မြတ်တို့ဘုရား " 


မိမိမြို့ရွာကို စောင့်ရှောက်နေကြကုန်သော မြို့စောင့်နတ် ၊ ရွာစောင့်နတ် ၊ လမ်းစောင့်နတ် ၊ အိမ်စောင့်နတ် တို့သည်လည်း မိမိတို့နှင့်အတူ မြတ်စွာဘုရားနှင့် အရှင်မြတ်အပေါင်းတို့အား လာရောက်လှူဒါန်းကြပါကုန်လော့ ၊ ဆက်ကပ်ကြပါကုန်လော့ ၊ ပူဇော်ကြပါကုန်လော့ ။ 


ဘုရားတပည့်တော် ၊ တပည့်တော်မတို့ မိသားစုလည်း အရှင်မြတ်တို့ရဲ့ မေတ္တာစွမ်းကြောင့် ဘေးအပေါင်းရန်အပေါင်းမှ ကင်းဝေးပြီး စီးပွားတက် ကြီးပွားမြတ်ကာ သာသနာတော်ကို ထောက်ပံ့လှူဒါန်းနိုင်တဲ့ သာသနာပြုမိသားစုဖြစ်ရပါလို၏ အရှင်မြတ်တို့ဘုရား ။ 


ရွတ်ဆိုဆုတောင်းပြီးတဲ့အခါမှာတော့ မေတ္တာပို့ အမျှအတန်းပေးဝေပြီး ဘုရား‌ကျောင်းဆောင်အနီးမှာ တင်လှူထားလိုက်ပါ ။ တစ်ရက်မှ တစ်ပတ်အတွင်း ပွဲပျော်လာပါလိမ့်မယ် ။ ပွဲပျော်လာရင်တော့ အုန်း ငှက်ပျောများကို စွန့်ပြီး မိသားစုနှင့် အိမ်နီးချင်းများကို ဝေငှကာ အန္တရာယ်ကင်း နတ်သုဒ္ဓါအဖြစ် သုံးဆောင်နိုင်ပါတယ်ခင်ဗျာ ။ 

#ZawZawAung #လက္ခဏာ #sayarzawzawaung

Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး