အရဟံ ဂုဏ်တော်
အရဟံဆိုတာ အက္ခရာသုံးလုံးပဲရှိတယ်၊ အ,ရယ် ရ,ရယ် ဟ,ရယ်၊ ဒီသုံးလုံးဖြစ်ပေမယ့် အဓိပ္ပာယ်ငါးမျိုးထွက်တယ်နော်။
ဘုန်းကြီးတို့တတွေ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီ ဆိုတဲ့ အခါမှာ ဒီ အရဟံဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အာရုံပြုရမယ်။ မြတ်စွာဘုရားကို အရဟံလို့ခေါ်တာဟာ ဒီဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံလို့ဖြစ်တယ်၊ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ဂုဏ်ထူးဝိသေသနဲ့ ချီးကျူးခံရတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို အာရုံပြုတဲ့ သတိကို ဗုဒ္ဓါနုဿတိလို့ ခေါ်တယ်၊ ဗုဒ္ဓ- မြတ်စွာဘုရားရဲ့ ဂုဏ်ကို၊ အနုဿတိ-အကြိမ်ကြိမ် အထပ်ထပ် သတိထားခြင်း၊ သတိရနေခြင်း။ တစ်နည်းအားဖြင့် အနု- သင့်တင့်လျောက်ပတ်တဲ့၊ သတိ- အမှတ်ရမှုပဲ၊ ဘုရားနဲ့ပတ်သက်ပြီး အလွန်သင့်လျော်လျောက်ပတ်တဲ့ အမှတ်ရမှုလို့ ဒီလိုအဓိပ္ပာယ်ရတယ်။
ဘုရားဂုဏ်ကို အာရုံပြုနေတာနဲ့ပဲ သမထကမ္မဋ္ဌာန်း ဖြစ်တယ်ပေါ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဝိပဿနာဉာဏ် ဖြစ်စေဖို့အတွက် ကြီးမားသော အထောက်အကူ ဖြစ်တယ်ပေါ့။
လူတွေရဲ့သန္တာန်မှာ သဒ္ဓါစွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓါနုဿတိဘာဝနာဟာ အမြတ်ဆုံးဖြစ်တယ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတာပေါ့။
အဲဒီတော့ ဗုဒ္ဓဂုဏ်တော်ပွားပြီဆိုရင် ဘယ်လိုပွားမလဲ၊ “ဣတိပိ သော ဘဂဝါ”၊ ဣတိပိ- ဆိုတာက အကြောင်းကို ရည်ညွှန်းတာ၊ သော ဘဂဝါ- ငါ ကြည်ညိုကိုးကွယ်တဲ့ တစ်လောကလုံးက လေးစားရတဲ့ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်သူမြတ်ဟာ၊ (ဒီနေရာမှာ ဘဂဝါလို့ခေါ်လိုက်တာက အလွန်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုသုံးတဲ့ အိန္ဒိယစကားလုံးပဲ၊ ကနေ့တောင်မှ အိန္ဒိယနိုင်ငံမှာ ‘ဘဂဝံ’လို့ သုံးလေ့ရှိတယ်၊ တကယ့်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို ‘ဘဂဝံ’လို့ သူတို့သုံးတယ်နော်၊ အဲဒီ ‘ဘဂဝံ’လို့ သုံးတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် ဂုရုကြီးလို့ အဓိပ္ပာယ်ရတယ်။ ပိုပြီးလေးစားရတဲ့ ဂုရုကြီးတွေကို 'ဘဂဝံ' လို့ခေါ်တယ်။ ဒါက အိန္ဒိယနိုင်ငံသုံးစကားတစ်ခုပဲ၊ ‘ဘဂဝံ’ ဆိုတာ အလွန့်ကို ကြီးမြတ်တယ်၊ ဒါကြောင့်မို့ အဋ္ဌကထာဆရာက “ဘဂဝါတိ ဂုရု” ‘ဂရုံ ဟိ လောကေ ဘဂဝါတိ ဝုစ္စတိ”တဲ့၊ လောကလူတွေက လေးစားအပ်တဲ့ ဂုရုကို ‘ဘဂဝံ’ လို့ ခေါ်ကြတယ်။)
ဘဂဝါဆိုတာ ဂုရုကိုခေါ်တာတဲ့၊ လောကကြီးတစ်ခုလုံးရဲ့ အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ပဲ။ မြတ်စွာဘုရားဟာ ကိုယ်ကျင့်သီလနဲ့ နှိုင်းယှဉ်မယ်ဆိုလည်း သာတဲ့ပုဂ္ဂိုလ်မပြောနဲ့ တူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူး။ သမာဓိနဲ့ နှိုင်းယှဉ်လိုက်ပြန်ရင်လည်း သာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့ တူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူး၊ ပညာအားဖြင့်လည်း သာတဲ့ပုဂ္ဂိုလ်မပြောနဲ့ တူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူးလို့ ဒီလိုဆိုလိုတယ်ပေါ့နော်။ ဒါကြောင့်မို့ တစ်လောကလုံးက ဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်သူမြတ်ဖြစ်လို့ ဘဂဝံလို့ ဒီလိုခေါ်တာ။
“ဣတိပိ သော ဘဂဝါ၊ သော ဘဂဝါ- ဘုန်းတော်ကြီးမားထိုရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ- ဤအကြောင်း ဤအကြောင်းတွေကြောင့်၊ အရဟံ- အရဟဆိုတဲ့ အရည်အချင်း ရှိပါပေ၏။”
နှလုံးသွင်းတဲ့အခါမှာ အဲဒီလို နှလုံးသွင်းရမယ်။ အကြောင်းနဲ့ ဂုဏ်အရည်အချင်းကို သိရမယ်။ “ဒီပုဂ္ဂိုလ်သူမြတ်ဟာ ဒီအရည်အချင်းတွေ ရှိပါလား။ ဒါကြောင့်မို့ တကယ့် အရဟံပါလား”ဆိုတဲ့အတွေးနဲ့ မြတ်စွာဘုရားဂုဏ်တော်ကို အမှတ်ရပြီး ဆင်ခြင်စဉ်းစားနေမှုနော်။ သမ္မာသင်္ကပ္ပဆိုတဲ့ အတွေးနဲ့ သတိထားနေတာ၊ သတိကို အဓိကထားပြီး ပြောတာ၊ သတိရှိတယ်ဆိုရင် ပညာလည်းဖြစ်လာတယ်။
မြတ်စွာဘုရားအကြောင်း ဆန်းစစ်လေ့လာတဲ့အခါမှာ ဩော်- ဒီအကြောင်း ဒီအကြောင်းတွေကြောင့် ဘုရားဟာ တကယ့် အရဟံပါလားလို့ လက်ခံလာတယ်၊ ကျေနပ်တယ်၊ အဲဒီ ကျေနပ်လာသည်ထိအောင် နှလုံးသွင်းရမှာ။ အရေးကြီးတာက မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုသိဖို့ ကြိုးစားရမယ်။
အဲဒီတော့ စဉ်းစားရမှာက ‘သော ဘဂဝါ ဣတိပိ အရဟံ၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ” လို့ ပါဠိလို ပြောတယ်။ မြန်မာလိုပြောတဲ့အခါ “တို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ ဒီအချက် ဒီအချက်တွေကြောင့် အရဟံ ဂုဏ်တော်နဲ့ ပြည့်စုံပါပေတယ်” လို့ စိတ်ထဲမှာ သဘောကျလာသည်ထိအောင် အကြိမ်ကြိမ်အထပ်ထပ် သတိကပ်ပြီး စဉ်းစားဆင်ခြင် သုံးသပ်နေဖို့လိုတယ်။ ဒါကို ဗုဒ္ဓါနုဿတိဘာဝနာ ပွားတယ်လို့ ခေါ်တာ။
အဲဒီလို စနစ်တကျပွားမယ်ဆိုရင် ဂုဏ်တော်ပွားနေတဲ့ အချိန်မှာ ရာဂ, ဒေါသ, မောဟ ဆိုတာတွေ ဖြစ်မှာမဟုတ်ဘူးနော်။ အင်မတန်မှ ကြည်နူးဖွယ်ရာတွေ၊ ကျေနပ်စရာတွေပဲ ဖြစ်လာပြီး သမာဓိရလာမှာ ဖြစ်ပါတယ်။
အေး-ဒါကြောင့်မို့ ဘယ်အလုပ်ပဲဖြစ်ဖြစ် စနစ်တကျ လုပ်ရမယ်၊ သိလည်းသိရမယ်၊ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ၊ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကိုကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ ယုံရုံတင်မဟုတ်ဘူး။ တကယ်ကို သိရှိနားလည်အောင် လုပ်ကြရမယ်၊ ဗုဒ္ဓဘာသာမှာ သဒ္ဓါနဲ့ပညာ ၂-မျိုးမှာ ပညာကို အဓိကထားတယ်။ ပညာပါတဲ့ သဒ္ဓါမျိုးသာလျှင် တန်ဖိုးရှိတယ်လို့ ဆိုတယ်။ ဒါကြောင့်မို့ ပညာကို လေ့လာဆည်းပူး အားထုတ်ကြရတယ်။
ဗုဒ္ဓဘာသာတွေဟာ ပညာဗုဒ္ဓဘာသာဖြစ်ဖို့ လိုတယ်ပေါ့၊ သဒ္ဓါဗုဒ္ဓဘာသာချည်း မဖြစ်စေရဘူး။ သဒ္ဓါဗုဒ္ဓဘာသာဆိုတာ မခိုင်မြဲဘူး၊ အပြောကောင်းရင် သဒ္ဓါတရားဆိုတာ ပျောက်သွားတယ်။ ပညာပါမှ ခိုင်မာတယ်၊ နှစ်နှစ်ကာကာသိထားတယ်၊ အဲဒီလို ဖြစ်ရမယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Comments
Post a Comment