အောင်မြင်ကြီးပွားမှု ရလာလို့ရှိရင် ဘာဖြစ်သလဲ။
အောင်မြင်ကြီးပွားမှု ရလာလို့ရှိရင် ဘာဖြစ်သလဲ။ အောင်မြင်ကြီးပွားမှု ရလာရင် စိတ်ဓာတ်တက်ကြွမှုတွေ၊ မာန်မာနတွေ ဖြစ်လာတယ်။ စိတ်ဓာတ်ဟာ တစ်သမတ်တည်း တည်ငြိမ်နေတာမျိုး မဖြစ်ဘူး။ အေး... ငါလိုလူ ဇမ္ဗူရှိသေးလားလို့ ထင်တယ်။ လုပ်ချင်တာ အကုန်လုပ်တယ်။ ကိုယ်ရချင်တာတွေ အကုန်ရပြီး ပျော်လိုက်တာ။ ဟော... စိတ်ဓာတ်တွေ တက်ကြွ၊ ဘယ်သူ့ကိုမှတောင် လူမထင်ဘူး။ ကိုယ်လုပ်ချင်တာ အကုန်ရတယ်ဆိုပြီး လာဘလောကဓံ ရလာပြီဆိုရင် မောက်မာလာတယ်။ တက်ကြွလာတယ်။ ခြေဖျားထောက်လာကြတယ်။ ဒါ လောကဓံ မခံနိုင်တာလို့ ခေါ်တယ်။ ဒါပေမယ့် အများစုက ရတာကို လောကဓံလို့ မထင်မှတ်ကြဘူး။
အေး... ကောင်းပြီ။ လိုချင်တာတွေ မရဘူး။ ကလေး မုန့်တောင်းတယ်၊ မရဘူး။ ဘာဖြစ်လဲ။ ငိုတယ်။ အဲဒီ ကလေးလေးငိုတာ ဘာလို့ငိုတာတုန်း၊ မုန့်မရလို့ ငိုတာ။ ဟော... လူကြီးတွေကျတော့ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးပြီဆိုရင် စိတ်ဓာတ်တွေ ကျလာတယ်။ ဒါ လောကဓံပဲ။ ကိုယ်လိုချင်တာ မရတော့ဘူးဆိုရင် စိတ်ဓာတ်တွေ ညှိုးငယ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သ-တ် ေ-သတဲ့အထိ ဖြစ်သွားတတ်တယ်နော်။ ဒါ လောကရဲ့ သဘာဝအတိုင်း ဖြစ်တာကို စိတ်က လိုက်ပြီးတော့ လှုပ်ရှားရတာ။ မုန်တိုင်းဒဏ်ကို မခံနိုင်သလိုပဲတဲ့။
ရတယ်ဆိုတာလည်း မုန်တိုင်းပဲ၊ မရဘူးဆိုတာလည်း မုန်တိုင်းပဲ။ ကိုယ့်စိတ်ကို လာတိုက်ခိုက်တာတွေချည်းပဲ အကုန်လုံး။ အဲဒီ တိုက်ခိုက်တဲ့နေရာမှာ ရလာတဲ့ လာဘဆိုတဲ့ လောကဓံတိုက်ခိုက်လည်း မာန်မာနတွေ မတက်ကြွဖို့၊ အလာဘ မရဘူးဆိုတဲ့ လောကဓံက လာတိုက်ခိုက်ရင်လည်း စိတ်ဓာတ်မတုန်လှုပ်ဖို့၊ စိတ်ဓာတ်မကျဖို့၊ အဲဒီလို တည်ငြိမ်တဲ့ စိတ်ထားကို ထိန်းထားနိုင်ပြီဆိုမှ ကြံ့ခိုင်တဲ့ စိတ်ထားဖြစ်တာနော်။
မုန်တိုင်းတိုက်လာပြီဆိုလို့ရှိရင် သစ်ပင်ကြီးတွေဟာ ယိမ်းထိုးနေကြတာပဲ။ ဘာဖြစ်လို့တုန်းဆိုရင် အတိုက်မခံနိုင်တာ။ သာမန်လေကလေး တိုက်ရင်ကို သစ်ခက်တွေက၊ သစ်ပင်တွေက လှုပ်ရှားလာတယ်။ သိပ်ကြီးမားတဲ့ လေကြီးတွေ တိုက်လာပြီဆိုရင်တော့ သစ်ပင်ဟာ အမြစ်က ထောင်ပြီးတော့ လဲသွားတယ်။ လူတွေလည်း အတူတူပဲ။ လာဘဆိုတာက နည်းနည်းလာတာက တစ်မျိုး၊ အများကြီး ရတာက တစ်မျိုး။ မုန်တိုင်းလိုပဲ၊ ပြင်းထန်တာလည်း ရှိသလို၊ မပြင်းထန်တာလည်း ရှိတယ်နော်။ ဥပမာ- လေးငါးသိန်းရတာနဲ့ သိန်းပေါင်းတစ်ထောင်ရတာနဲ့ မတူပြန်ဘူး။ အဲဒီလို လာဘ ရလာတဲ့အခါ၊ အဲဒီလို သိန်းတစ်ထောင်လောက် ရတဲ့အခါ ပိုပြီးတော့ တိုက်ခိုက်မှုက ပြင်းထန်တယ်လို့ ပြောရမယ်။
အေး... သစ်ပင်တစ်ပင်ဟာ ကြံ့ခိုင်မှု အားနည်းလေလေ၊ မုန်တိုင်းဒဏ် ခံရလေလေ။ နောက်ဆုံး မခံနိုင်တော့ ဘာဖြစ်သွားသလဲ၊ ပြိုလဲသွားတယ်။ ကျောက်သားအပြည့် ရှိနေတဲ့ တောင်ကြီးတွေကျတော့ လေမုန်တိုင်းသေးသေးတိုက်လည်း မလှုပ်ဘူး၊ ပြင်းပြင်းထန်ထန်ကြီးတိုက်လည်း မလှုပ်ဘူး၊ ကြံ့ခိုင်နိုင်တယ်။ မြတ်စွာဘုရားက လောကဓံနဲ့ ပတ်သက်လာလို့ရှိရင် အဲဒီ ကျောက်အတိပြီးတဲ့ တောင်ကြီးတွေလို ကြံ့ခိုင်တဲ့ စိတ်ထားမျိုး ရအောင် မွေးရမယ်လို့ ဟောတာနော်။ လောကဓံကို ရှောင်ကွင်းရမယ်လို့ မဟောဘူး၊ ဖြစ်လည်း မဖြစ်နိုင်ဘူး။ လောကဓံကို ရှောင်ကွင်းနိုင်တဲ့လူ ရှိလည်း မရှိဘူး။ လောကကြီးက ထွက်ပြေးလို့လည်း မရဘူး။
တချို့က ထင်တယ်၊ လောကဓံနဲ့တွေ့လို့ လောကကြီးက ထွက်ပြေးရင် လွတ်မြောက်သွားမယ်။ အဲဒီအတွေးမျိုး တွေးတဲ့သူက ဘာပြောသလဲဆိုရင် သေအေးတာပဲလို့ ပြောကြသေးတယ်နော်။ ဘယ်အေးမလဲ၊ သေတဲ့နောက်မှာ ပိုဆိုးဦးမယ်။ အခု ရရှိထားတဲ့ လက်ရှိဘဝလေးက ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း သိသေးတယ်၊ တရားအားထုတ်လို့ ရသေးတယ်။ သေသွားပြီးတဲ့နောက် ဘယ်ရောက်မှန်းလည်း မသိဘဲနဲ့ ဘယ်လိုလုပ် အေးမလဲနော်။ မအေးနိုင်ဘူး။ နောက်ဘဝ ပိုပြီးတော့ စိတ်မအေးရသေးဘူး။ ဘာဖြစ်လို့ စိတ်မအေးရသလဲ၊ Warranty မှ မရှိသေးတာပဲ။ ကိုယ့်မှာ Warranty ရှိနေသေးရင် တော်သေးတာပေါ့နော်။ အေး... ဒါကြောင့်မို့လို့ ကိုယ်လုပ်ရမယ့် အလုပ်က ဘာတုန်းဆိုရင် စိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်ဖို့ပဲ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏
Comments
Post a Comment